Sunday, February 1, 2015

ဘာသာရေး ကိုင်တွယ်မှုနှင့် ပတ်သက်၍ ဦးဟုန်ငိုင်းသို့ ပေးပို့သည့် အိတ်ဖွင့်စာ

လေးစားအပ်တဲ့ ဦးဟုန်းငိုင်း ခင်ဗျာ၊
မင်္ဂလာပါ။ မနေ့က လူကြီးမင်းတို့ အစိုးရအဖွဲ့က လက်ဝါးကပ်တိုင်နှင့် ဘုန်းကြီးကျောင်း/စေတီ တည်ဆောက်ခွင့် တစ်ပြိုင်တည်း ခွင့်ပြုရန် ဆုံးဖြတ်တယ် ကြားရလို့ ၀မ်သာမိပါတယ်။ ဒါပေမေ့ ၂၉ ရက်နေ့တုန်းက လူထုရှေ့မှာ ဘာသာရေးနဲ့ပတ်သက်လို့ လူကြီးမင်း ပြောသွားတဲ့အချက် တစ်ချို့ကိုတော့ ကျွန်တော် နည်းနည်း ထောက်ပြလိုပါတယ်။ အခုလိုရေးသားတာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်လိုခြင်း လုံးဝမရှိပဲ အယူအဆမတူညီမှုကို အမြင်ခြင်း ဖလှယ်တဲ့သဘော သက်သက်ဖြင့် ဖတ်ရှုပေးပါရန်လည်း အရင်ဆုံး စကားပလင် ခံလိုပါတယ်။
ပထမအချက်အနေနဲ့ လူကြီးမင်းပြောသွားတဲ့ “အစိုးရက ဘာသာရေးခွဲခြားမှု လုံးဝမလုပ်ပါဘူး” ဆိုတဲ့အချက်--- အစိုးရက ဘယ်လောက်ထိ ဘာသာရေးခွဲခြားသလဲ ဆိုတာကို သာဓက တစ်ခုပြချင်တယ်။ သာသနာရေး ၀န်ကြီးဌာန၊ ဦးစီးဌာနနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပံငွေ အားလုံးနီးပါးကို အစိုးရ အဆက်ဆက်က ဗုဒ္ဓဘာသာအတွက်သာ ပုံအောပြီး သုံးစွဲတယ်။ တကယ်တမ်းဆိုရင် အနည်းဆုံး အဲဒီဘဏ္ဍာငွေကို ကိုးကွယ်သူ လူဦးရေ အလိုက် (ဥပမာ ဗုဒ္ဓဘာသာ ၈၉%၊ ခရစ်ယာန် ၅%၊ အစ္စလမ်၎%၊ ဟန္ဒူဘာသာနှင့် နတ်ဘာသာအတွက် ၂%) စသည်ဖြင့် အချိုးကျ သုံးဆွဲသင့်တယ်။ နိုင်ငံတော်ဘဏ္ဍာငွေဆိုတာ ဗုဒ္ဓဘာသာဝင်တွေပဲ ထည့်ဝင်တာ မဟုတ်လို့ပါ။ တစ်ပြည်လုံးတွင် ဗုဒ္ဓဘာသာက လူများစု ဖြစ်တော့ အများစု သုံးဆွဲခွင့်ရှိတယ် ဆိုရင် ဘာဖြစ်လို့ ချင်းပြည်နယ်မှာ လူများစု(၈၅% ကျော်)ဖြစ်တဲ့ ခရစ်ယာန်အတွက် အစိုးရ၏ သာသနာရေး ဆိုင်ရာ အထောက်အပံ့ကို အနည်းဆုံး ၈၅% မသုံးဆွဲတာလဲ။ အခုက ချင်းပြည်နယ်မှာ ၁၀% ခန့်သာရှိတဲ့ ဗုဒ္ဓဘာသာအတွက် ၉၉% ခန့်သော ဘာသာရေးဆိုင်ရာ အစိုးရ ဘဏ္ဍာငွေနှင့် အခြားအကူအညီများကို သုံးဆွဲရတယ်မဟုတ်လား။
ဒါတွေကို ဘာသာရေးခွဲခြားမှုလို့ လူကြီးမင်းမထင်ရင်လည်း ချင်းလူထုတစ်ရပ်လုံးနှင့် ကမ္ဘာကတော့ (Religious Discrimination) လို့သတ်မှတ်နေကြတာပဲ။
ဒုတိယအချက်က “ဥပဒေအတိုင်း လုပ်ဆောင်တာပဲဖြစ်တယ်” လို့ လူကြီးမင်းပြောသွားတဲ့အချက်-- ၀န်ကြီးချုပ်တစ်ဦးအနေနဲ့ ဥပဒေအတိုင်း လုပ်ဆောင်သင့်ပါတယ်။ ဒါပေမယ့် ဥပဒေအတိုင်း ဆိုတဲ့ နေရာမှာ၊ ချင်းလူမျိုး -ခရစ်ယာန်တွေက၊ အဲဒီ ဥပဒေအောက်မှာ ဘာသာရေးအရ နှစ်ပေါင်းများစွာ နစ်နာခံစားခဲ့ရတဲ့ ဝေဒနာကို သတိချက်သင့်တယ်။ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုရင် အဲဒီဥပဒေဆိုတဲ့ စကားလုံးကို ချင်း-ခရစ်ယာန်တွေက allergic ဖြစ်နေကြပြီ။ ဒါကို ကိုယ်ချင်းစာ သင့်တယ်။
ချင်းလူမျိုး-ခရစ်ယာန်တွေက သာသနာပိုင်အဆောက်အဦ မှတ်ပုံတင်လျှောက်ထားခဲ့သမျှ မရရှိခဲ့တဲ့ သာဓကတွေရှိခဲ့တယ်လေ။ အခုအစိုးရသစ်နောက်ပိုင်းမှာ ချင်းပြည်နယ်အစိုးရက အခုလို ခွင့်ပြုချက်ပေးမယ်ဆိုတဲ့ အရိပ်အယောင်တွေ့ရတော့ ၀မ်းသာပေမည့် နှစ်ပေါင်း ၅၀ကျော် ခါးသီးတဲ့ အတွေ့အကြုံများကြောင့် လူတွေ၏ ယုံကြည်မှုကို ချက်ချင်းဆိုသလို ရဖို့တော့ မလွယ်သေးဘူး။ ဒီခံစားချက်မျိုးကို လူကြီးမင်းက မခံစားဖူးတော့ နားလည်ပုံမပေါ်ဘူး။ အခုတောင် ကြည့်ပါလား -ချင်းပြည်နယ်ပြင်ပမှာ၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်မှာ ခရစ်ယာန် အဆောက်အဦးများ တည်ဆောက်မှုကို ယနေ့အထိ အနှောက်အယှက် ပေးနေတုန်းပါပဲ။ ဒါကို CNDP က ၂၀၁၄ ခုနှစ်အတွင် ဖြစ်ပျက်တဲ့ case (၅)ခုကို သမ္မတထံသို့ မကြာသေးခင်မှာ တင်ပြခဲ့သေးတယ်။
အရာရာကို “တရားခြင်း မတရားခြင်း” ပေတိုင်နဲ့လည်း တိုင်းတာဖို့ လိုအပ်မယ်ထင်တယ်။ ၂၀၀၉ ခုနှစ် ချင်းပြည်နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ စာအုပ်မှာ ချင်းပြည်နယ်မှာ (ပလက်ဝမပါ) ခရစ်ယာန်ဘာသာကျောင်း ၁၅၀၀ ခန့်ရှိတယ်လို့ရေးထားတယ်။ အားလုံးနီးပါးက လူကြီးမင်းတို့ ပြောပြောနေတဲ့ သာသနာပိုင်နယ်မြေနှင့် အဆောက်အအုံ ဥပဒေဖြင့် မှတ်ပုံတင်မရှိဘူး။ ဘာကြောင့်မရှိတာလဲ။ မှတ်ပုံတင်မလျှောက်ခဲ့လို့ ဆိုပြီး အလွယ်ကလေးနဲ့ထင်မိရင် မှားလိမ့်မယ်။ ကျွန်တော်ကို့က ကိုယ့်အနာကိုယ်ပိုသိပါတယ်။ ကျွန်တော်တို့ ချင်းသမိုင်းမှာ လွတ်လပ်ရေးကာလ နောက်ပိုင်း သာသနာပိုင်မှတ်ပုံတင် လျှောက်ထားခဲ့ မှန်သမျှ တစ်ခုမှမရခဲ့တဲ့သာဓကရှိတယ်။ မတူပီက ThatDun Memorial Church တစ်ခုကိုတော့ မှတ်ပုံတင် ပေးထားတယ်လို့ တစ်ချို့ပြောတာ ကြားဖူးတယ်။ လူကြီးမင်း ကိုယ်တိုင် မြင်နေရတဲ့ ဟားခါးမြိုက ကာဆင်ခန်းမ ဆိုရင်လည်း အတန်တန် မှတ်ပုံတင် လျှောက်ထားခဲ့သေးတာပဲ။ ဟားခါးမြို့က ဘုရားကျောင်းများ၊ ကျမ်းစာကျောင်းများ အားလုံးက လူကြီးမင်းတို့ ပြောပြောနေတဲ့ တရားဝင် ဥပဒေ (သာသနာပိုင် အဆောက်အအုံနာမည်)နဲ့ တည်ဆောက်တာမဟုတ်ပဲ တရားမ၀င်(ပုဂ္ဂိုလိက နာမည်နဲ့ ဘုရားကျောင်းဆောက်တော့ ဒါလည်း တရားမ၀င်ဖြစ်သွားတာပေါ့နော်) တည်ဆောက်တာ ဖြစ်တယ်လေ။ ရန်ကုန်မှာဆိုရင် အဲသလိုနဲ့ ကြံဖန်ပြီး နေအိမ် တိုက်ခန်းတွေမှာ ဘုရားရှိခိုး၊ ကျမ်းစာသင်တဲ့ နေရာ ၃၀၀၀ ကျော်ရှိပြီး သူတို့ကို အစိုးရက ထုံးစံတိုင်း တရားမ၀င်ဆိုပြီး နှောက်ယှက်နေတာ ယနေ့ထိပါပဲ (rfa.org/burmese/news/religious)
ဥပဒေအတိုင်းသာ လုပ်တယ်ဆိုရင် အားလုံးကို ဖျက်သိမ်းခိုင်းရမှာ သို့မဟုတ် အားလုံးကို မှတ်ပုံတင် ပေးသင့်တယ်။ ဥပဒေဆိုတာ ကွက်ပြီးတော့ သက်ရောက်လို့ မသင့်တော်ဘူးလေ။
တစ်ဖက်မှာ ဗုဒ္ဓဘာသာ စေတီနှင့် ဘုန်းတော်သင်ကျောင်း ချင်းပြည်နယ်မှာ ၂၀၀ ကျော်တည်ရှိတယ်။ အဲဒီ စေတီနဲ့ကျောင်း အားလုံးနီးပါးကို အစိုးရက ငွေကြေးရော၊ ဥပဒေ အကူအညီရောဖြင့် ထောက်ပံ့နေတယ်လို့ လေ့လာ ရတယ်၊ မှားသလားတော့မသိဘူး။ ဒါက မျှတတယ် လို့ ဆိုနိုင်မလား။ ဒါမှမဟုတ် ခရစ်ယာန်တွေပဲ ဥပဒေမသိလို့၊ ညဏ့်လို့၊ လား။
အခု တိုင်းရင်းသားများနှင့် ဘာသာခြားများက ဆန့်ကျင်သည့်ကြားထဲ မျိုးစောင့်ဥပဒေ လာပြန်ပြီ။ အဲဒီဥပဒေသာ အတည်ဖြစ်ပြီး အဲဒီအတိုင်း အစိုးရက ဆက်လုပ်ဦးမယ်ဆိုရင် ခရစ်ယာန်များက ဘယ်လိုခံစားမည် ဆိုတာ စဉ်းစားကြည့်ပေးပါအုံး။ လူများစုက ဥပဒေပြုပြီး ၎င်းဥပဒေအတိုင်း လုပ်ဆောင်လို့ အဲဒီမှာရှိတဲ့ လူနည်းစုတွေ အလူးအလဲ ခံစားတတ်တာကို ကိုယ်ချင်းစာတတ်ရင် နားလည်နိုင်မယ်ထင်တယ်။
အကြံပြုချက်များ
၁။ ဥပဒေအရ ဆိုရင် မြန်မာနိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၆၃)အရ နိုင်ငံတော်က အသိအမှတ်ပြုထားသော ခရစ်ယာန်ဘာသာကို လူကြီးမင်းအနေနဲ့ “တတ်နိုင်သမျှ ကူညီစောင့်ရှောက်” ဖို့တာဝန်ရှိတယ်။ ဒုက္ခပေးဖို့ မဟုတ်ဘူး။ ဥပမာအားဖြင့် အခု ဦးဗျက်သင်ဆန်း ဦးဆောင်တည်ထောင်ထားတဲ့ လက်ဝါးကပ်တိုင်ကို လူကြီးမင်းအနေနဲ့ သာသာနာပိုင် မှတ်ပုံတင် လျှောက်လွှာတင်ဖို့ အစကတည်းက လှမ်း အကြောင်းကြားခဲ့ခြင်းမျိုးနဲ့ ကိုင်တွယ်သင့်တယ် - “ရွှေ့ပါ၊ ဖြိုပါ” ဆိုတဲ့ပုံစံမျိုးအစား - ပေါ့။ ဥပဒေဆိုတာ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပျောက်စေ မဟုတ်ဘူးလား။ အခုက ငယ်အမှုကြီးစေ ဆိုသလို ခံစားရတယ်။ ကျွန်တော်နားလည်တဲ့ အစိုးရ တာဝန်က မှတ်ပုံတင်မရှိတဲ့သူကို မှတ်ပုံတင်ရှိအောင်၊ ဥပဒေနှင့် မညီတဲ့ဟာကို ညီအောင် အရင် ညှိနှိုင်းတည့်မတ်စေခြင်း၊ ကူညီပေးခြင်း အလုပ်မျိုးဖြစ်တယ်… အရေးယူဖို့ကြီးပဲ မဟုတ်ဘူး။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၁၊ ၃၆၂၊ ၃၆၃) ကို ပြင်ဆင်ပြီး သာဿနာရေး ၀န်ကြီးဌာန ဖျက်သိမ်းဖို့ လူကြီးမင်းကိုယ်တိုင် သဘောတူပြီး ပူးပေါင်းဆောင်ရွက်စေ လိုတယ်။ တကယ်တမ်း အစိုးရက ဘာသာရေးမှာ လုံးဝ မပါဝင်တာ အကောင်းဆုံးဖြစ်တယ်။ ဥပမာ - ချင်းပြည်နယ်မှာ ဘာသာကြီး(၃)ပါးရှိတယ်။ ဘယ်တုန်းကမှ ချင်းလူမျိုး အချင်းချင်းကြား ဘာသာရေးကြောင့် ပြဿနာမရှိဖူးဘူး။ အစိုးရက ဘာသာရေးမှာ ပါဝင်ပတ်သက်လို့၊ ဌာနတွေ၊ ဥပဒေတွေ၊ မျိုးစောင့်တွေ လုပ်လာတာကသာ ပြဿနာကို မီးမွှေးပေးသလို ဖြစ်သွားတယ် လို့ ရိုးရိုးသားသား ထင်မိပါတယ်။ နောက်ပြီး အခြေခံပညာကျောင်း သင်ရိုးညွန်းတန်းမှာ ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ အကြောင်းတွေ သင်ခိုင်းခြင်းကို လုံးဝရပ်တန့် သင့်တယ်။
၃။ သာသနာရေး ၀န်ကြီးဌာန မဖျက်သိမ်းနိုင်သေးခင် ချင်းပြည်နယ်အစိုးရအနေနဲ့ သာသနာရေး ၀န်ကြီးဌာန ဘဏ္ဍာငွေကို ဘာသာဝင် လူဦးရေအလိုက် အချိုးကျခွဲဝေသုံးဆွဲစေချင်တယ်။ တစ်ကယ်တမ်း အခု ပျောက်ကွယ်လုဆဲဆဲဖြစ်တဲ့၊ ချင်းလူမျိုးတွေ မိရိုးဖလာကိုးကွယ်ခဲ့သော နတ်ဘာသာကို သမိုင်းမှာ မပျောက်ကွယ်အောင် အထူးဦးစားပေး သင့်တယ်။
၎။ ချင်းပြည်နယ်အတွင်း အစိုးရ၀န်ထမ်း လျှောက်လွှာတွင် ကိုးကွယ်သည့်ဘာသာ ဆိုတဲ့ မေးခွန်းကို မမေးသင့်ဘူးလို့ထင်တယ်။ နောက်ပြီး၊ သင်္ကြန်ပွဲတော် ဆိုတာ ဗုဓ္ဒဘာသာ အယူအဆမှ ဆင်းသက်လာတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ချင်း-ခရစ်ယာန် ကျောင်းသူ/သား လေးတွေကို စင်မြင့်ပေါ်ကခိုင်းတာမျိုး၊ ရေပတ်ကစား ခိုင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်တယ်(တကယ်လို့ ကလေးတွေက သူတို့ဆန္ဒအလျောက် က-ချင်၊ကစား-ချင်ရင် သူတို့ဘာသာ သူတို့ စီစဉ်လုပ်ဆောင်သင့်တယ်- သူတို့အခွင့်အရေးပါ)။ နောက်နောင်၊ ချင်းပြည်နယ် ၀န်ကြီးချုပ်က ခရစ်ယာန်ဖြစ်လာလို့ မင်းတပ်မြို့ ဗုဒ္ဓဘာသာဝင် အ.ထ.က ကျောင်းသူ/သားများကို ဘုရားကျောင်း ခေါ်ပြီး ကပြဖျော်ဖြေခိုင်းရင်းလည်း ကျွန်တော်က ထိပ်ဆုံးမှ ကန့်ကွက်သွားမှာပါ။ ဒါတွေက အသေးအမွှား ဆိုပေမယ့် ဒါလေးတွေက ယုံကြည်မှုပျက်ပြားခြင်း၏ နိဒါန်းဖြစ်စေတတ်တယ်လေ။ နောက်ပြီးတော့ ခရစ်ယာန် ဥပုသ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အစိုးရလုပ်ငန်း လုပ်ဆောင်တာမျိုး၊ အစည်းအဝေးနဲ့ လမ်းဖွင့်ပွဲကျင်းပတာမျိုးတွေ ရှောင်ရှားစေလိုပါတယ်။
ပေးစာအနေနဲ့ဆိုတော့ ဒီလောက်ဆို ရှည်တောင်ရှည်နေပြီလား မသိဘူး။ ဒီလောက်နဲ့ပဲ ရပ်နားလိုက် ပါမယ်။ စိတ်ရှည်လက်ရှည်နဲ့ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်လျက် -
ဆလိုင်း ကျဲအိုဘိခ်ထောင်
ရန်ကုန်မြို့။ (၁.၃၁.၂၀၁၅)
(ဖုန်း - ၀၉၄၃၀၉၄၀၈၇၊ အီးမဲလ် - ceubikthawng@gmail.com)

Salai Ceu Bik Thawng nih a facebook ah biaknak kong he pehtlai in U Hung Ngai sin ah a ṭial mi a si.

No comments:

Post a Comment